ကျွန်မနှင့်
မြန်မာများ
ဌေးဝင်း
ဒီဆောင်းပါးလေးကတော့ ယိုးဒယားမှာ နေထိုင်ရင်း ၀ါသနာအရ ကိုယ်တတ်တဲ့
ပညာကို သင်ကြားပို့ချရာကနေ ရလာတဲ့ အသီးအပွင့် အစစ်အမှန်ပါ။ အောက်မှာ ဖော်ပြထားတာတွေဟာ
ကျနော့တပည့် ပြောပြခဲ့တာတွေ ရေးပေးလာတာတွေကို မြန်မာ စာဖတ်ပရိသတ် ဖတ်လို့ အဆင်ပြေအောင်
ကျနော်က ၀င်ပြီး နှမ်းဖြူးပေးတာကလွဲရင် ကျန်တာတွေက မချတ်ဆု ဒါ (ခ) မြနန္ဒာရဲ့ စိတ်ကူး
စာသားများသာ ဖြစ်ပါတယ်။
၀၀၀၀ ၀၀၀၀၀ ၀၀၀
သူငယ်ချင်းတွေက ကျွန်မကို မေးခွန်းတခုကို မကြာခဏ မေးတတ်ကြတယ်။ အဲဒီ မေးခွန်းကတော့ နင် ဘာဖြစ်လို့
ဒီ လောက်တောင် မြန်မာစကားနဲ့ မြန်မာစာကို စိတ်ဝင်စားရတာလဲ..တဲ့။ အမှန်အတိုင်းဝန်ခံရရင်
ကျွန်မကိုယ်တိုင်မှာ အဖြေ မရှိပါဘူး။ တချို့ကဆိုရင် မြန်မာတယောက်ယောက်နဲ့များ ကြိုက်နေလေသလားလို့
သံသယ ဖြစ်မိနေကြတယ်။ ဒီလို လည်း မဟုတ်ပါဘူး။
ကျွန်မ နာမည်က ချတ်ဆုဒါ ဆွတ်ပလန်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရန်ကုန်မှာ ဖွင့်ထားတဲ့ ကျွန်မတို့ကုမ္ပဏီရဲ့ လက် အောက်ခံရုံးမှာ အလုပ်လုပ်ဖို့
သူဌေးကစေလွှတ်တဲ့အတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ကျွန်မ ရောက်ဖူးခဲ့ပါတယ်။ ဒီနောက်မှာ..
ကျွန်မ မြင်ယောင်မိတာက မြန်မာနိုင်ငံဟာ တကယ့်ကို လုံးဝ ပြောင်းလဲသွားတော့မယ် ဆိုတာပါဘဲ။
မြန်မာနိုင်ငံကို မရောက်ဖူးခင်ကတော့ ဒီတိုင်းပြည်အကြောင်းကို
ကျွန်မသိထားတက တကယ့်ကို နည်းနည်းလေးပါ။ ကျွန်မဘ၀မှာ နိုင်ငံပေါင်းများစွာကို ခရီးသွားဖူးပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို သွားဖို့ဆိုတဲ့ စိတ်ကူး စာရင်း ထဲမှာ တခါမှ မထည့်မိပါဘူး။
ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာပြည်သူတွေ အကြောင်းကို သိလာရပြီးတဲ့နောက်မှာ ကျွန်မဟာ
မြန်မာ စကားကို သင်ယူဖို့ စိတ်အား ထက်သန်လာပါတယ်။
မြန်မာစကားကိုသင်ယူပြီးတဲ့နောက် ကျွန်မဟာ မြန်မာစကားကို နည်းနည်းပါးပါး ပြောနိုင်
ရေးနိုင်လာတယ်။ ဖတ်လည်း နိုင်လာတယ်။ အဲဒါကြောင့် ကျွန်မအတွက် မြန်မာနိုင်ငံရဲ့ တံခါးတွေဟာ
ပွင့်လင်းလာခဲ့တယ်။ ပိုပြီး ကျယ်လည်း ကျယ်လာ ခဲ့တယ်လေ။ အခုအချိန်မှာဆိုရင် ကျွန်မမှာ
မြန်မာ သူငယ်ချင်း မိတ်ဆွေတွေလည်း အများကြီး ရှိနေပါပြိ။ မြန်မာ နိုင်ငံထဲ က မြို့ကြီး
တော်တော်များများကိုလည်း အလည်သွားခဲ့ ပြီးပါပြီ။ ၂၀၁၂ ကနေ ခုအချိန်ထိပေါ့လေ။
ရန်ကုန်မြို့ကို ပထမအကြိမ်ရောက်ခဲ့စဉ် တခု
သတိထားမိတာက မြန်မာအများစုဟာ အင်္ဂလိပ်စကား မပြောတတ်ကြဘူး ဆိုတာပါဘဲ။ ဒါဟာ အရင်က ကျွန်မထင်ခဲ့တာနဲ့
ပြောင်းပြန် ဖြစ်နေတယ်လေ။ ကျွန်မက မြန်မာတွေ အင်္ဂလိပ် စကားကို ထမင်းစားရေသောက်တော့ အနည်းဆုံး
ပြောတတ်ကြမှာဘဲလို့ ထင်ခဲ့မိတာကိုး။
ကျွန်မ ပထမဆုံး တက်ဖြစ်တဲ့ မြန်မာစကားသင်တန်းဆရာရဲ့
နာမည်က ဆရာ ဆမ် ဖြစ်ပါတယ်။ ဆရာ့ကို ကျွန်မပြောပြ တာက ကျွန်မအနေနဲ့ စကားပြော သက်သက်ကိုဘဲ
သင်ချင်တယ်။ ဘာလို့ ဒီလိုပြောလိုက်သလဲဆိုရင် မြန်မာ အက္ခ ရာက အရမ်းကိုခက်ခဲမယ်လို့ ကျွန်မထင်ထားလို့လေ။
ဒါကြောင့် ကာရာအိုကေ စတိုင်နဲ့ မြန်မာစကားကို သင်ကြတယ်။
၂၀၁၂ ခုနှစ်ထဲမှာ ကျွန်မ ရန်ကုန်ကို အခေါက်ခေါက်
အခါခါ သွားဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ မြန်မာစကားပြော လေ့ကျင့် ဖို့ အခွင့်အလမ်းတွေ
အများကြီး ရခဲ့တာပေါ့။ အံ့သြရတာကတော့ ကျွန်မနဲ့ စကားပြောဖြစ်တဲ့ မြန်မာတိုင်းဟာ သိပ်ကို
ဖော်ရွေကြပါတယ်။ ပြီးတော့ ကျွန်မရဲ့ မပီမသ မမှန်မကန်ပြောနေတဲ့ မြန်မာစကားသံတွေကို နားထောင်ပြီး
သူတို့က သိပ်သဘောကျနေကြလေရဲ့။ ကျွန်မက ထိုင်းနိုင်ငံက လာတာပါလို့ ပြောတဲ့အခါ သူတို့က
ကျွန်မကို ယိုဒယားမလို့ ခေါ် ကြတယ်။ မြန်မာတွေက ထိုင်းကို ယိုဒယားလို့ ခေါ်တယ် မဟုတ်လား။
ရန်ကုန်မှာ အတန်ကြာနေပြီးတဲ့နောက်မှာ ကိုယ့်ဘာသာ သိလာတာက
တကယ် သင်ယူမယ်ဆိုရင် ကျွန်မအနေနဲ့ မြန် မာစာကို ရေးနိုင် ဖတ်နိုင် ပြောနိုင်စွမ်း ရှိလာလိမ့်မယ်
ဆိုတာပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်က ရုံးမှာ ပြဿနာ အသေးအမွှား လေးတွေရှိလာခဲ့ရင်
မြန်မာစာကို နည်းနည်းပါးပါး ဖတ်နိုင်တဲ့ ကျွန်မကဘဲ လွယ်လင့်တကူ ဖြေရှင်းပေး နိုင်ခဲ့တာ
ကြောင့် လေ။
ဥပမာ မြန်မာစာကို မဖတ်တတ်ခင်ကဆိုရင် ပစ္စည်းလိုက်ဝေတဲ့ အလုပ်သမားလေးက
ကျွန်မကို ပြေစာ ဖြတ်ပိုင်းကို ပေးခဲ့ တယ် ဆိုပါစို့။ အဲဒီ ပြေစာစာရွက်ပေါ်မှာ မြန်မာစာတွေနဲ့
ရေးထားတဲ့အတွက် ဘာတွေရေးထားမှန်း ကျွန်မမသိဘူး။ ကုန် ကုန်ပြောရရင် ကိန်းဂဏန်းကလေးကိုတောင်
ကျွန်မ မသိဘူး။ တခါတရံမှာ မြန်မာလိုရေးထားတဲ့ စာရွက်စာတမ်းတွေ ဖိုင် တွေကို စိစစ်ဖို့
လိုအပ်တဲ့အခါမျိုးမှာ ကျွန်မဟာ မြန်မာစကား တလုံးချင်းစီရဲ့ အဓိပ္ပါယ်ကိုမသိတော့ အဲဒီနေရာမှာ
ကူညီ နိုင်စွမ်း မရှိပါဘူး..ရှင်။ စာဖတ်တတ်လာတော့ သိပ်ပြီး အခက်အခဲ မရှိတော့ဘူးပေါ့။
မြန်မာပြည်အနှံ့ လည်ပတ်တဲ့အခါမှာ ဆိုင်ဘုတ်တွေ အမှတ်အသား
သင်္ကေတတွေ အားလုံးကို မြန်မာစာနဲ့ချည်းဘဲ ရေး ထားတာကို တွေ့ခဲ့ရတယ်။ ၂၀၁၂ ခုနှစ်က ရွှေတိဂုံဘုရားပေါ်မှာ
ကြုံခဲ့တာကို ပြောပြရဦးမယ်။ ကျွန်မမွေးနံ ဘုရားကို ရေ သပ္ပါယ် ပူဇော်ဖို့ ရှာရတဲ့အခါ
တော်တော့်ကို အခက်အခဲ ကြုံခဲ့ရတယ်။ ကျွန်မက စနေသမီးဆိုတော့ နဂါးရုပ်ပါတဲ့ ဘုရားရှိ
မဲ့ နေရာကို ရှာတာပေါ့။ နဂါးရုပ်ပါတဲ့ ဘုရားဆိုရင် စနေနံဘုရားဘဲလေ။ အဲဒီကာလက မြန်မာရုပ်ပွားတော်တွေ
အားလုံးမှာ မြန်မာစာနဲ့ချည်း ရေးထားတယ် မဟုတ်လား။ တော်တော်နဲ့ ရှာလို့မတွေ့နိုင်ခဲ့ပါဘူး။
ဒါကြောင့် မြန်မာစာနဲ့ စကားကို မတတ်တတ်အောင် သင်မယ်လို့
ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အဲဒီအချိန်မှာဘဲ ဘန် ကောက်မြို့ထဲက မဟေဆက်လမ်းမကြီးမှာ
ဆရာဆမ်ရဲ့ မြန်မာစကား သင်တန်း ကျောင်း ဖွင့်တော့ ကျွန်မဟာ သူ့ရဲ့ အရေး အဖတ် သင်တန်ုးကို
တုန့်ဆိုင်းမနေဘဲ တက်ရောက်သင်ယူ လေ့လာခဲ့တယ်။
မြန်မာစကား သင်ရတာ ကျွန်မ ပျော်တယ်။ ဒါကြောင့်
တောက်လျှောက် ဆက်သင်ခဲ့တယ်။ ဒီလိုနဲ့ မြန်မာစကား သင်တန်း ကျောင်းက တောင်ကြီးမြို့ကို
ဘာသာစကား လက်တွေ့အသုံးပြုဖို့ အလည်ခရီးစဉ်တခုကို စီစဉ်တဲ့အခါ လိုက်ပါသွားခဲ့ တယ်။ ကျွန်မတို့
မြန်မာစကား သင်တန်းသားတွေဟာ တောင်ကြီးမြို့မှာ သုံးပတ်လောက် နေခဲ့ကြတယ်။ ဒီခရီးစဉ်ဟာ
ကျွန်မတို့ဘ၀မှာ အကောင်းဆုံး ခရီးစဉ်တခုအဖြစ် သင်တန်းသားအားလုံးက သဘောတူကြတယ်။ ကျွန်မတို့
ဟိုတယ် သေးသေးလေး တခုမှာ တည်းခဲ့တယ်။
အဲဒီမှာ ကျွန်မတို့ဟာ တဖြေးဖြေးနဲ့ ပျော်ခဲ့တဲ့
ကာလလေးပေါ့။ မနက်တိုင်း ကျွန်မတို့ စောစော အိပ်ရာက ထကြတယ်။ စိမ့်နေအောင်အေးတဲ့ လေနဲ့တူ
နံနက်နေရောင်ခြည်အောက်မှာ နံနက်စာကို စားကြတယ်။ နံနက် ၇ နာရီမှာ အတန်းစမှာ မို့လို့
ကျွန်မတို့ဟာ ဆရာမ ဒေါ်နီနီကျော်ရဲ့အိမ်ကို ခြေလျှင် သွားကြတယ်။ ဆရာမ ဒေါ်နီနီကျော်ဟာ
ကျွန်မတို့အတွက် စာသင် ချိန်ဇယားကို အဆင်ပြေ အောင်ဆွဲပေးပါတယ်။ တခါတရံမှာ သူမမှာ နေ့ခင်းမှာ
စာသင်စရာ ရှိတယ်ဆိုရင် ကျွန်မ တို့ကို ညနေပိုင်းမှာ သင်ပေးပါတယ်။ သူမဟာ တကယ် ချစ်ဖို့ကောင်တဲ့
အမျိုးသမီးပါ။
မြန်မာစကား မတောက်တခေါက်သာ တတ်တဲ့ ကျောင်းသားတွေအပေါ်မှာ
တကယ် စိတ်ရှည်လက်ရှည် ဂရုစိုက်ရှာပါ တယ်။ မနက်ပိုင်း သင်တန်းပြီးချိန်တွေမှာ ကျွန်မတို့ဟာ
မနန်းရှမ်းကယောက်ရဲ့ အိမ်ဘက်ကို လမ်းလျှောက်လေ့ ရှိကြ တယ်။ ဖိကယောက်ဟာ ဘာသားစကား အတော်များများကို
ပြောတတ်တဲ့ ရှမ်းတိုင်းရင်းသူတယောက် ဖြစ်ပါတယ်။ ထိုင်းစကား အပါ အ၀င်ပေါ့လေ။ ထိုင်းစကားမှာ
အကို အမ ဆိုတဲ့ ဝေါ ဟာရကို ဖိလို့သုံးတာကြောင့် ကျွန်မတို့က သူ့ကို ဖိကယောက်လို့ ခေါ်
ကြတယ်။ သူမရဲ့ မိသားစု စီးပွားရေးလုပ်ငန်းက ဆောက်လုပ်ရေး ပစ္စည်းတွေ ရောင်းချတဲ့ အလုပ်ပါ။
ဖိကယောက်တို့ မိသားစုကတော့ တောင်ကြီးမြို့က
ကျွန်မတို့ရဲ့ အိမ်ရှင်ပေါ့။ ကျွန်မတို့ကလည်း သူမနဲ့ သူမရဲ့ယောက်ျား ဦး ရှုနိုင်ကို
အရမ်း လေးစားကြတယ်။ ဖိကွေးဟာ ကျွန်မတို့ကို ဈေးထဲသို့ခေါ်သွားပြီး သူမရဲ့သူငယ်ချင်းတွေနဲ့
မိတ်ဆက် ပေး တယ်။ သူ့ကြည့်ရတာ တဈေးလုံးနဲ့သိနေပြီး အားလုံးကလည်း သူမကို ကောင်းကောင်းကြီး
သိနေကြပါတယ်။ သူမရဲ့ အသိုင်းအ၀ိုင်းက သူမကို လေးစားကြသလို သူမဟာ နာမည်ကောင်း ရှိသူလည်း
ဖြစ်ပါတယ်။
သူ့သမီးနာမည်က အိုင်အိုင် လို့ ခေါ်တယ်။ အိုင်အိုင်ကလည်း
သူ့အမေ ကျွန်မတို့ကိုသင်ပြနေစဉ်မှာ ကူညီပေးလို့ သူမ ဟာ ကျွန်မတို့ရဲ့ သူငယ်ချင်းလည်း
ဖြစ်လာပါခဲ့ပါတယ်။ ဒီကလေးမဟာ ခေတ်မီတယ်။ ဖော်ရွေတယ်။ ကြင်နာတတ် တယ်။ ငြိမ်းအေးတဲ့ စိတ်ထား
ရှိသူလည်း ဖြစ်ပါတယ်။ အိုင်အိုင်တို့ သားအမိဟာ ကျွန်မတို့အပေါ်မှာ မိသားစုဝင်ပမာ ကောင်းကောင်းမွန်မွန်
ဂရုစိုက်ပါ တယ်။
ဖိကယောက် ဈေးရောင်းကောင်းနေချိန်မှာတော့ ကျွန်မတို့ဟာ
ကိုယ့်ဘာသာ ဈေးထဲပတ်သွားပြီး ဒေသခံလူတွေနဲ့ အချိန် ဖြုန်း တယ်။ ဒေသထွက် အစားအသောက်တွေကို
မြည်းစားကြည့်တယ်။ တကယ်ပါ ရှင်.. ကျွန်မတို့ဟာ မြန်မာစကားနဲ့ အဲဒီက လူတွေကို ပြောနေခဲ့ကြတာ
အံ့သြစရာပါဘဲ။
ကျွန်မ သူငယ်ချင်းတွေက ရွှေဥ လုံချည်ဆိုင်မှာ
လက်တွေ့ မြန်မာစကား ပြောကို သင်ယူနေစဉ်မှာ ကျွန်မကတော့ အ ထည်ဆိုင် တဆိုင်မှာ မြန်မာစကားပြော
လက်တွေ့ လေ့ကျင့်နေခဲ့တယ်။ ကျွန်မအတွက် သိပ်ကို ကောင်းတဲ့ အချိန်ပါဘဲ။ ဆိုင်ရှင်နဲ့ရော
အလုပ်သမားတွေနဲ့ပါ ရင်းနှီး ခင်မင်ခဲ့ကြတယ်။
အားတဲ့အချိန်မှာ တောင်ကြီးမြို့ထဲမှာရှိတဲ့
စာကြည့်တိုက်၊ ပြတိုက်နဲ့ စူလာမုနိ ဘုရားကို သွားဖူးခဲ့ကြတယ်။ ကျွန်မတို့ဟာ ကမ္ဘောဇ
ဘောလုံးအသင်းနဲ့ တောင်ကြီး ဘောလုံးအသင်းတို့ ကန်ကြတဲ့ ဘောလုံးပွဲကိုလည်း ကြည့်ခဲ့ကြပါသေးတယ်။
တမြို့လုံးမှာ ရှိသမျှလူတွေ လာပြီး ကြည့်နေကြသလားလို့ ထင်ရလောက်အောင် များပြားလှတဲ့
လူတွေနဲ့ ကွင်းဟာ ပြည့် လျှံနေလို့ ကျွန်မ အံ့သြမိတယ်။ သူတို့အားပေးတဲ့ သီချင်းကို
မြန်မာလို သံပြိုင် သီဆိုနေကြတာကိုလည်း နားထောင်ခွင့် ကြုံခဲ့ရပါ တယ်။ ခုထက်ထိ မှတ်မိနေသေးတဲ့
သံစဥ္ကေတာ့ ´ကမ္ဘို..ကမ္ဘို..ကမဘိုဇား.. ကမ္ဘို … ကမ္ဘုိ.. ကမ္ဘိုဇား´ ဆိုတဲ့ အသံပါဘဲ။
သင်တန်းနားတဲ့ အားလပ်ရက်မှာ ကျွန်မတို့ဟာ ကားတစီးကိုငှါးပြီးတော့
နာမည်ကြီး ကျော်ကြားလှတဲ့ ထန်ဆန်ဂူဘုရားနဲ့ ကက္ကူ ဘုရားတို့ကို သွားဖူးခဲ့ကြပါတယ်။ ဒီလိုနဲ့
ကျွန်မတို့ဟာ တောင်ကြီးမြို့မှာ နေရမဲ့ နောက်ဆုံးနေ့ကို ရောက်လာ တဲ့အချိန်မှာ ဦးရှုနိုင်တို့
မိသားစုဟာ ကျွန်မတို့ကို တောင်ကြီး မြို့က နာမည်ကြီး မြန်မာ စားသောက်ဆိုင်မှာ ဧည့်ခံ
ကျွေး မွေးခဲ့ပါတယ်။ ဒီညနေစာဟာ တောင်ကြီးမြို့မှာ ကျွန်မတို့ စားခဲ့ရတဲ့အထဲမှာ အကောင်းဆုံး
ညနေစာပါဘဲ။
ကျွန်မတို့ တောင်ကြီးက ပြန်လာပြီး လပေါင်းများစွာအကြာမှာ
အိုင်အိုင် တယောက် မင်္ဂလာဆောင်ပါတယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေဟာ အဲဒီမင်္ဂလာပွဲကို
တက်ရောက်ဖို့ တောင်ကြီးကို သွားခဲ့ကြတယ်။ ပြီးတော့ ဆရာမနဲ့တကွ တောင်ကြီးက မိတ်ဆွေတွေဆီကိုလည်း
သွားလည်တာပေါ့။ သူတို့ဟာ ကျွန်မတို့ကို ပြန်တွေ့ရလို့ သိပ်ဝမ်းသာကြသလို ကျွန်မတို့လည်း
တကယ်ဘဲ ၀မ်းသာ ကြည်နူးမိပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပိုပြီး အမှတ်ရစရာ
ဖြစ်စေတာကတော့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပွဲတော် လက်ခံကျင်းပခဲ့စဉ်က
ကျွန်မဟာ ထိုင်း ရွက်လှေအသင်းအတွက် စေတနာ့ဝန်ထမ်း (co-ordinator) တယောက် အဖြစ် လုပ်ပေးခဲ့ရတယ်။ ဒီအလုပ်က ကျွန်မရဲ့
သူငယ်ချင်းတွေကိုရော ကိုယ့်နိုင်ငံကိုပါ ကူညီခွင့်ရလို့ အရမ်းကြည်နူး ၀မ်း သာ မိသလို
ဂုဏ်လည်းယူပါတယ်။ ထိုင်းရွက်လှေအသင်းထဲမှာ ကျွန်မကို လှေလှော်ရွက်တိုက်နည်း သင်ပေးခဲ့တဲ့
ဆရာ တွေလည်း ပါတယ်လေ။ မြန်မာနိုင်ငံကို တခါမှ မရောက်ဖူးသူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေ
ရှိနိုင်တယ်ဆိုတာကို သိထားတာကြောင့် ဒီအလုပ်ကို လုပ်ဖို့ ကျွန်မဘာသာ ကမ်းလှမ်းခဲ့တာ
ဖြစ်ပါတယ်။ သူတို့အတွက် ဟိုတယ်မှာ နေရာ ကြို တင်မှာတာ၊ ကားငှါးတာ၊ ဒေသခံ လှေကုမ္ပဏီနဲ့
အလုပ်ကိစ္စတွေ ပြောဆိုရာမှာ လုပ်ပေးခဲ့တအပြင် ထိုင်းရွက်လှေ အသင်း အောင်အောင်မြင်မြင်
ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်တာအားလုံးကို ကျွန်မအနေနဲ့ ၀ိုင်းပြီး ကူညီပေးခဲ့တယ်။
အဲဒီနောက် မှာ ကျွန်မတို့ ထိုင်းနိုင်ငံရွက်လှေအသင်းဟာ ရန်ကုန်ကနေ ခြောက်နာရီလောက်
ကားစီးရတဲ့ ပုသိမ်ကနေတဆင့် ငွေ ဆောင်ကမ်းခြေကို ခရီးထွက်ခဲ့ကြပါတယ်။
ပုသိမ်နဲ့ ငွေဆောင်ကို ဖောက်လုပ်ထားတဲ့လမ်းက
ဇစ်ဇက် လမ်းဖြစ်တာကြောင့် ရွက်လှေသမား အများစုဟာ နေမ ကောင်းဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့
ဘာမှမဖြစ်ခဲ့ပါဘူး။ ငွေဆောင်မှာ ကျွန်မတို့ သီတင်း သုံးပတ်ကြာ နေ ထိုင်ခဲ့ကြတယ်။ ကျွန်မ
မြန်မာစကား ပြောတတ်တာဟာ ထိုင်းအသင်းအတွက် သိပ်ကို ကံကောင်းခဲ့တဲ့ အချက် တခု ဖြစ်ပါတယ်။
ငွေဆောင်ဒေသက လူတွေဟာ အင်္ဂလိပ်စကား မပြောတတ်ကြဘူးဆိုတာကို ကျွန်မသိထားပြီးသား ဖြစ် ပါတယ်။
ပြောရရင် ဆီးဂိမ်းအတွက် ဆက်သွယ်ဆောင်ရွက်ဖို့
ဘာသာပြန်ပေးဖို့ စတဲ့လုပ်ငန်းတွေအတွက် ရွေးချယ် တာဝန်ပေး ခြင်းခံရတဲ့ ရန်ကုန်တက္ကသိုလ်
မန္တလေး တက္ကသိုလ်တွေက ကျောင်းသားတွေကလည်း အင်္ဂလိပ်စကားနဲ့ ကောင်းကောင်း ဆက်သွယ် ပြောဆိုနိုင်စွမ်း
မရှိဘူးလေ။ ဒါကြောင့် ထိုင်းအသင်းနဲ့ ဆက်သွယ်ဖို့ တာဝန်ပေးခြင်းခံရ သူတွေဟာ ကျွန်မက
တဆင့် မြန်မာစကားနဲ့ ထိုင်းအသင်းကို ပြောဆိုနိုင်တာမို့ သိပ်ကို ၀မ်းသာကြပါတယ်။ ကျွန်မ
ကံမကောင်းတာ တခုက တော့ ကျွန်မကို မမလို့ မခေါ်ဘဲ အန်တီ အန်တီ နဲ့ခေါ်ကြတဲ့ဟာပါဘဲ။
အဲဒီမြန်မာတွေဟာ ဖော်ဖော်ရွေရွေနဲ့ ကျွန်မတို့ကို
တကယ့်ကို ကူညီကြပါတယ်။ ဆီးဂိမ်းအပြီးမှာ သူတို့ဆီကို ကျွန်မ အခါပေါင်း မြောက်များစွာ
အီးမေးလ်ပို့ပေးခဲ့ပေမဲ့ ကျွန်မဆီကိုတော့ တစောင်တလေတောင် ပြန်မပို့ခဲ့ကြပါဘူး။ အဲဒီထဲက ပခုက္ကူမှာ နေထိုင်တဲ့ မိန်းကလေးတယောက်က သူ့ရဲ့လိပ်စာကို
ပေးခဲ့ပါတယ်။ နောက်နှစ် ကျွန်မ ပခုက္ကူကို ရောက်သွား လို့ သူပေးထားတဲ့ လိပ်စာအတိုင်း
ရှာကြည့်တော့ သူ့အိမ်ကို ရှာလို့မရခဲ့ပါဘူး။
ကျွန်မတွေ့ဘူးတဲ့ မြန်မာတွေက သိပ်ပြီး သဘောကောင်းကြပါတယ်။
ရန်ကုန်က သူငယ်ချင်းတယောက်ဆိုရင် သုံး နာ ရီလောက် အချိန်ပေးပြီးစီးရတဲ့ ရန်ကုန်မြို့ပတ်
ရထားနဲ့ မြို့တပတ်လိုက်ပြပါတယ်။ နောက်မှ သူပြောပြတာ က ဒီလို မြို့ပတ်ရထားစီးရတာကို
သူပျင်းတယ်တဲ့။ ဒါပေမဲ့ ကျွန်မ မြို့ပတ်ရထားစီးချင်တာကို သူသိလို့ လိုက်ပို့ပေးတာတဲ့။
ပြီးတော့ သူက ကျွန်မ လမ်းပေါ်မှာ တွေ့မြင်နေရတဲ့ မြန်မာတွေရဲ့ ဘ၀ပုံရိပ်တွေကို ဓာတ်ပုံရိုက်ချင်တာကို
သိလို့..တဲ့။ တခြား လုပ်ဖော်ကိုင်ဖက်တွေကလည်း မကြာမကြာ မြန်မာ အစားအစာတွေ ချက်ပြုတ်ပြီး
ယူလာတတ်သလို မုန့်ပဲ သရေ စာတွေလည်း ကျွန်မအတွက်ဆိုပြီး ကျွန်မကြိုက်တတ်တဲ့ အစားအစာတွေကို
ယူလာပေး တတ်ကြတယ်။ နောက် တ ယောက်ကတော့ ဦးလှဌေးပါ။ သူက ဂိုက်လည်းလုပ်သလို ကားလည်း မောင်းပါတယ်။
မကြာမကြာ ကျွန်မ သူ့ကားကို ငှါးပြီး အသုံးပြုခဲ့ပါတယ်။
သူဟာ သူ့ရဲ့ဧည့်သည်ကို သိပ်ဂရိုစိုက်တဲ့ သူပါ။
ဒီလူက ကျွန်မတို့နဲ့ ခရီးစဉ် အသစ်တခု ထွက်တော့မယ်ဆိုရင် မထွက် ခင်မှာ အအေးတွေ ထီးတွေ
တစ်ရှူးစက္ကူတွေအပြင် မြန်မာအစားအစာ မုန့်ပဲသရေစာတွေကိုပါ ကျွန်မတို့က မှာမထား ဘဲနဲ့
သူ့ဘာသာ ကြိုတင် ၀ယ်ထားပေးတတ်တယ်။ သူ့ရဲ့ ဧည့်သည်က ကျွဲကောသီး ဒါမှဟုတ် ဒူးရင်းသီး
စားချင်လို့ ၀ယ်တဲ့အခါ ဈေးသည်က မခွဲပေးဘူးဆိုရင် သူ့မှာ ပါလာတဲ့ ဓားကလေးနဲ့ ခွဲပြီး
သူ့ရဲ့ ဧည့်သည်တွေကို ကျွေးပါ တယ်။ ကျွန်မတို့ခရီးစဉ်ပြီးဆုံးလို့ မြန်မာပြည်က ပြန်ခါနီး
လေဆိပ်ကို လာတဲ့အခါတိုင်း သူက ကျွန်မကို စိတ်ထဲမှာ
စွဲငြိစေ လောက်တဲ့ လက်ဆောင်တခုခုကို အမြဲတမ်းပေးတတ်ပါတယ်။ သူဟာ ကျွန်မနဲ့ မိတ်ဆွေဖြစ်လာပြီးနောက်ပိုင်းမှာ
မြန်မာ ပြည်သွားတဲ့ အခေါက်တိုင်းနီးပါး ကျွန်မ သူ့ကားကို အသုံးပြုခဲ့ပါတယ်။
မြန်မာစကားကို ပိုပြီးသင်လာလေလေ ထိုင်းစကားနဲ့
မြန်မာစကား တော်တော်များများဟာ ပါဠိဘာသာစကားက ဆင်း သက်လာတာမို့ တူလေလေ ဆိုတာကို သတိပြုမိလာတယ်။
ကျွန်မမှာ အားလပ်တဲ့အချိန်ရှိခဲ့ရင် ကျွန်မတို့ သုံးစွဲနေတဲ့ စကားလုံးတွေကို အတိတ်
ပစ္စုပ္ပန် အနာဂတ်ဆိုပြီး စာရင်းပြုစုထားဖို့ စိတ်ကူးထားပါတယ်။
လောလောဆယ် ကျွန်မဟာ ထိုင်း မြန်မာ မဟာမိတ်
ဖောင်ဒေးရှင်း (TACDB) က ဆရာ ဦးဌေးဝင်းနဲ့ မြန်မာစကားကို သင်ယူ နေပါတယ်။ ဒီဆရာက ကျွန်မကို
မြန်မာစကားနဲ့ပတ်သက်လို့ အများကြီးသင်ပေးသလို ဆက်လက်သင်ယူလိုစိတ် ရှိအောင်လည်း များစွာ
အားပေးပါတယ်။ သူနဲ့ စာသင်ရတာ ကျွန်မ သိပ် စိတ်ချမ်းသာပါတယ်။ ပျော်ရွှင်ပါတယ်။ သူ သင်
ပေးနိုင်သမျှ ကာလပတ်လုံး ကျွန်မ ဆက်လက် သင်ယူနေဦးမှာပါ။ ဆရာဦးဌေးဝင်းက ကျမကို မြန်မာနာမည်
မြနန္ဒာလို့ ပေးထားပါတယ်။
အခုအချိန်မှာတော့ အရင်ကလောက် မြန်မာနိုင်ငံကို
မကြာခဏ သွားစရာမရှိတော့ပေမဲ့ တနှစ်ကို တခေါက် နှစ်ခေါက် လောက်တော့ သွားဖြစ်ဦးမှာပါ။
ဖြစ်နိုင်ရင် ထပ်ပြီး အကြိမ်ကြိမ် သွားချင်ပါတယ်။ တချို့သော မိတ်ဆွေတွေက ကျွန်မ မြန်
မာစကားကို အရူးအမူး စွဲစွဲလန်းလန်း လေ့လာတာနဲ့ မဖွံ့ဖြိုး မတိုးတက်တဲ့ ဒီနိုင်ငံကို
အလည်သွားတာကို ကဲ့ရဲ့ပြောဆိုကြ နေကြတဲ့ သူတို့ရဲ့စကားကို ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မ
သဘောထားကတော့ သူတို့တွေမှာ ဗဟုသုတ အကြားအမြင် အားနည်းပေမဲ့ သိပ်ကို ခင်မင်ဘို့ ကောင်းတဲ့
အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတွေ ဖြစ်ကြတယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိနေလို့ပါဘဲ။
အခုဆိုရင် ကျွန်မ စိတ်ထဲမှာ ရည်မှန်းချက် အသစ်
တခု ရှိလာပါတယ်။ အဲဒါကတော့ မကြာမီကာလတခုအတွင်း ကျွန်မ ဟာ မြန်မာ စကား သင်ပေးတဲ့ ဆရာမ
ဒါမှမဟုတ် မြန်မာ ဘာသာစကားနဲ့ စာရေးနိုင်တဲ့ စာရေးဆရာမ တယောက် ဖြစ်ချင်တဲ့ စိတ်ကူး
အိပ်မက်ပါဘဲ။
ဖြစ်လာ မဖြစ်လာတော့ အတိအကျ မပြောနိုင်ပါဘူး။
ဒါပေမဲ့ ကျွန်မရဲ့ဆရာကတော့ Nothing is impossible လို့ ပြောပါ တယ်။ ဒီနှစ် အင်္ဂလန်က
ပရီမီယာလိဂ်မှာ ထိုင်းသူဌေးတယောက်ပိုင်တဲ့ လက်စတာစီတီး အသင်းဟာ ဘယ်သူမှ မယုံ ကြည်နိုင်လောက်အောင်
အသင်းကြီး အားလုံးကို ဖြတ်ကျော်ပြီး ဗိုလ်စွဲခဲ့တယ် မဟုတ်လား။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး
ပေါ့။ ဘာသာစကားနခုကို သင်ယူတာ ပရီမီယာလိဂ် ချန်ပီယံ ဖြစ်အောင် ကြိုးစားရတာလောက်တော့
ခက်မယ် မထင်ပါ ဘူး။ ကျွန်မ အနေနဲ့ မြန်မာစကား မြန်မာစာနဲ့ ရေးနိုင်တဲ့ စာရေးဆရာမ ဖြစ်လာခဲ့ရင်
ဒီစာကို ဖတ်နေတဲ့ ရှင်တို့တွေ လည်း အားပေးကြပါလို့..နော်။
၀၀၀
၀၀ ၀၀
မျက်မှောက်ခေတ်မှာ ဘာသာစကားဟာ သိပ်ကို အရေးပါတဲ့
ပညာရပ် တခုဖြစ်ပါတယ်။ ဒီစာကို ဖတ်ပြီးနောက် အထူးသ ဖြင့် လူငယ် လူရွယ်များ အနေနဲ့ ကိုယ်ရည်မှန်းရာ ပညာရပ်နဲ့
ဆက်နွယ်တဲ့ ဘာသာစကား စာပေတွေကို ကျွမ်းကျင်နိုင် နင်းအောင် သင်ယူလေ့လာမှ ဖြစ်မယ်ဆိုတဲ့
စိတ်ဓာတ်များ ဒီစာထဲမှာပါတဲ့ ချတ်ဆုဒါဆီက ၀တ်မှုန်ကူးသလို ကူးယူနိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း…….။
No comments:
Post a Comment